၂၇၆၁ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့သို့ ပေးပို့သည့်သဝဏ်လွှာ

Description: 

"၁။ ယနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့သည် ၂၇၆၁ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူး နေ့ ဖြစ်ပါသည်။ ယနေ့ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူး အချိန်အခါသမယတွင် ကရင် တိုင်းရင်းသားများနှင့်တကွ နိုင်ငံသူ၊ နိုင်ငံသားအားလုံး ကျက်သရေ မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံပါစေကြောင်းနှင့် ကပ်ကြီး (၃)ပါးမှ အမြန်ဆုံး ကင်းလွတ်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သ အပ်ပါသည်။ ချစ်ခင်လေးစားအပ်ပါသော ကရင်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ခင်ဗျား- ၂။ ကရင်တိုင်းရင်းသားများသည် ကိုယ်ပိုင်ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုနှင့် ဓလေ့ ထုံးတမ်းစသည့် အမျိုးသားလက္ခဏာများဖြင့် ကြီးမြတ်သော လူမျိုးများဖြစ်ပြီး မြန်မာ့နိုင်ငံရေး ဖြစ်စဥ်သမိုင်းများတွင် ကရင်ခေါင်းဆောင်များနှင့် ကရင်လူမျိုးများ၏ ရဲရင့်မှုနှင့် အခန်းကဏ္ဍသည် မည်မျှအရေးပါကြောင်း ဖော်ပြလျက်ရှိပါသည်။ ၃။ ကရင်တိုင်းရင်းသားများသည် သမိုင်းအစဉ်အဆက် တန်းတူအခွင့်အရေးများအတွက် ဖိနှိပ်မှုများနှင့် မတရားမှုများကို တွန်းလှန်ဆန့်ကျင်ခဲ့ကြပါသည်။ ယခုအချိန်၌ မင်းအောင်လှိုင် ခေါင်းဆောင်သည့် စစ်တပ်က နိုင်ငံတော်၏ အာဏာကို လုယူခဲ့ပြီး နိုင်ငံတစ်ဝှမ်း၌ လူမဆန်သော အကြမ်းဖက်လုပ်ရပ်များဖြင့် ဖိနှိပ်ချုပ်ချယ်နေခြင်းကို ဆန့်ကျင်တော်လှန်နေသည့် မြန်မာ့နွေဦး တော်လှန်ရေးတွင်လည်း ကရင်တိုင်းရင်းသားတို့၏ ကူညီပံ့ပိုးမှုများနှင့် ပါဝင်ကြိုးပမ်းမှုများသည် တန်ဖိုးကြီးမားသော အင်အားတစ်ရပ် ဖြစ်ပါသည်။ ၄။ မြန်မာနိုင်ငံ၌ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တိုင်းရင်းသား အဖွဲ့အစည်းများအပါအဝင် သက်ဆိုင်သူအားလုံးက ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း ၎င်းတို့ အာဏာတည်မြဲရေးအတွက် အာဏာသိမ်းစစ်အုပ်စုမှ တိုင်းပြည်နှင့် လူမျိုးတို့၏ အနာဂတ်များကို ဖျက်ဆီးခဲ့ပြီး ဖြစ်ပါသည်။ ထို့ပြင် ကရင်တိုင်းရင်းသားများအပါအဝင် ပြည်သူလူထုသည် ဥပဒေမဲ့ ဖမ်းဆီးခံရခြင်း၊ အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်ခံရခြင်း၊ နေအိမ်များနှင့် ပိုင်ဆိုင်မှုများ မီးရှို့ဖျက် ဆီးခံရခြင်းနှင့် နေရပ်စွန့်၍ စစ်ဘေးလွတ်ရာများသို့ ထွက်ပြေးတိမ်းရှောင်နေရခြင်းတို့ တွေ့ကြုံ ခံစားနေရသည့်အတွက် များစွာစိတ်မကောင်းဖြစ်ရပါသည်။ ချစ်ခင်လေးစားအပ်ပါသော ကရင်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ခင်ဗျား- ၅။ မြန်မာနိုင်ငံ၌ ထာဝရငြိမ်းချမ်းရေးရရှိပြီး ကမ္ဘာ့အလယ်၌ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ် နိုင်ငံအဖြစ် ရပ်တည်နိုင်ရေး လူပုဂ္ဂိုလ်များ၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများ က သဘောထားကြီးစွာ ဆွေးနွေးညှိနှိုင်းပြီး နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဝိုင်းဝန်း အဖြေရှာရန် ကြိုးပမ်းခဲ့ကြပါသည်။ သို့သော် စစ်အာဏာရှင်များသည် ၎င်းတို့ အာဏာတည်မြဲရေး အတွက် ကြိုးပမ်းတည်ဆောက်ခဲ့သည့် ရလဒ်ကောင်းများကို လက်နက်အားကိုးဖြင့် အကြိမ်ကြိမ် ဖျက်ဆီးရန် ကြိုးပမ်းနေခြင်းကြောင့် မြန်မာ့မြေပေါ်မှ စစ်အာဏာရှင်များကို အပြီးတိုင် ပပျောက်ရေး တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက လက်တွဲညီညီ တွန်းလှန်တိုက်ထုတ်ရမည် ဖြစ်ပါသည်။ ၆။ မြန်မာနိုင်ငံအတွင်း၌ အကြမ်းဖက်စစ်အာဏာရှင်စနစ် အပြီးတိုင်ကျဆုံးပြီး ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နိုင်ရေးအတွက် ခိုင်မာသည့် ပြည်ထောင်စု စိတ်ဓာတ်၊ စစ်မှန်သည့် တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်တို့ဖြင့် သွေးစည်းညီညွတ်စွာ လက်တွဲ၍ ဝိုင်းဝန်းကူညီ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်လျက် ဤကရင်အမျိုးသားလုံးဆိုင်ရာ နှစ်သစ်ကူး နေ့ သဝဏ်လွှာအား ပေးပို့အပ်ပါသည်။..."

Source/publisher: 

Committee Representing Pyidaungsu Hluttaw

Date of Publication: 

2022-01-02

Date of entry: 

2022-01-02

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

251.53 KB

Resource Type: 

text

Text quality: 

    • Good