ဖော်ပြချက်/အကြောင်းအရာ:
"အမျိုးသားညီညွတ်ရေးအစိုးရသည် အနာဂတ်ဖက်ဒရယ်တပ်မတော်အတွက် မဖြစ်မနေ လိုအပ်သော မြေမှအပ၊ အကြမ်းဖက်စစ်ကောင်စီက ၄င်းတို့၏ အကျိုးစီးပွားအလို့ငှာ သိမ်းယူထားသော တပ်ပိုင်မြေများအား ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း(၂)၊ အခန်း(၄)၊ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ၏ လုပ်ငန်းတာဝန်များ အပိုဒ် (၂၅)၊ အပိုဒ်ခွဲ (က) အရ ပြည်သူလူထု အကျိုးစီးပွားအတွက် ထိရောက်စွာစီမံခန့်ခွဲ နိုင်ရန်နှင့် ဒီမိုကရေစီ နည်းကျ ထိန်းချုပ်မှုရှိစေရန် အောက်ပါအခြေခံမူများကို ချမှတ်သည်။
အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ရည်ရွယ်ချက်
၁။ တပ်ပိုင်မြေဆိုသည်မှာ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့ဝင်များ နေထိုင်ခြင်း၊ လေ့ကျင့်ခြင်း၊ တပ်နေရာချထား ခြင်း၊ လက်နက်ခဲယမ်းများ သိုလှောင်ခြင်း၊ ထုတ်လုပ်ခြင်း စသည်တို့ ပြုလုပ်သည့် နေရာများအပါအဝင် အကြမ်းဖက်စစ်တပ်အကြီးအကဲများနှင့် ထိပ်တန်းအရာရှိများ၏ ကိုယ်ကျိုးစီးပွားအတွက် တနည်းနည်းဖြင့် ရယူ ထားသည့် နေရာများကို ဆိုလိုသည်။ ထိုအချက်တွင် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ အဖွဲ့အစည်းများ ပိုင်ဆိုင်သော မြေများလည်း အကျူံးဝင်သည်။
၂။ တပ်ပိုင်မြေများ ထားရှိရခြင်း၏ အဓိကရည်ရွယ်ချက်မှာ စစ်ရေးနှင့် လုံခြုံရေး ရည်မှန်းချက်များကို ဖော်ဆောင်နိုင်ရေးအတွက်သာ ဖြစ်စေရမည်။
တပ်ပိုင်မြေများအား စိစစ်ခြင်း
၃။ အမျိုးသားညီညွတ်ရေးအစိုးရသည် တပ်ပိုင်မြေများ၏ စစ်ရေးလိုအပ်ချက်နှင့် ရည်မှန်းချက်များဆိုင်ရာ ကိုက်ညီမှု၊ အများပြည်သူလူထု၏ ဘေးအန္တရာယ်ကင်းရှင်းမှုနှင့် လုံခြုံမှု၊ တပ်ပိုင်မြေများအား အကြမ်းဖက် စစ်ကောင်စီ၏ အကျိုးစီးပွားအလို့ငှာ သုံးစွဲခြင်းမှ အကာအကွယ်ပေးနိုင်မှု စသည့်အချက်များ အပေါ်မူတည်၍ စိစစ်ရမည်။
တပ်ပိုင်မြေများအား အမျိုးသားညီညွတ်ရေးအစိုးရက ပြန်လည်သိမ်းယူခြင်း
၄။ စစ်ရေးနှင့်လုံခြုံရေး ရည်မှန်းချက်များနှင့် ကိုက်ညီခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီ၏ အကျိုးစီးပွား အလို့ငှာအသုံးပြုခြင်း၊ အကြမ်းဖက်စစ်တပ်အကြီးအကဲများနှင့် ထိပ်တန်းအရာရှိများ၏ အကျိုးစီးပွား ဖော်ဆောင် ရေး အရင်းအမြစ်များအဖြစ် အသုံးပြုခြင်းများအား စိစစ်တွေ့ရှိရပါက အမျိုးသားညီညွတ်ရေးအစိုးရသည် တပ်ပိုင်မြေများအား ပြန်လည်သိမ်းယူခြင်း ပြုလုပ်ရမည်။
ပြန်လည်သိမ်းယူထားသော တပ်ပိုင်မြေများအား အသုံးပြုခြင်း
၅။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေး၏ အတည်ပြုချက်ဖြင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနသည် သိမ်းယူထားသော တပ်ပိုင်မြေများအား လေလံတင်ရောင်းချခြင်း၊ အများပြည်သူ အကျိုးစီးပွားအလို့ငှာ Infrastructure Development စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ခြင်းတို့ကို ပြုလုပ်ရမည်။..."
ရင်းမြစ်:
National Unity Government of Myanmar
Date of Publication:
2022-02-24
Date of entry:
2022-02-24
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
353.06 KB
Resource Type:
text
Text quality:
- Good