ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနှင့် ပဋိညာဉ်စာတမ်းပါ တာဝန်ဝတ္တရားများနှင့်အညီ မြန်မာစစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များမှ ကလေးငယ်များနှင့် ပြည်သူများအား ကာကွယ်ပေးရေးအတွက် ချက်ချင်းအရေးယူဆောင်ရွက်ရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ အလေးထားတိုက်တွန်းခဲ့

Description: 

"ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနှင့် ပဋိညာဉ်စာတမ်းပါ တာဝန်ဝတ္တရားများနှင့်အညီ မြန်မာစစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များမှ ကလေးငယ်များနှင့် ပြည်သူများအား ကာကွယ်ပေးရေးအတွက် ချက်ချင်းအရေးယူဆောင်ရွက်ရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ အလေးထားတိုက်တွန်းခဲ့ (နယူးယောက်မြို့၊ ဇူလိုင်လ ၁၉ ရက်) ၁။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ “ကလေးများနှင့် လက်နက်ကိုင်ပဋိပက္ခ” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် တံခါးဖွင့်အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး၊ မိန့်ခွန်းပြောကြားခဲ့ပါသည်။ သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ မိန့်ခွန်း၌ အောက်ပါအဓိကအချက်များ ပါဝင်ပါသည် - (က) လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ၏ အခြေအနေနှင့် စပ်လျဉ်း၍ မိမိတို့အနေနှင့် များစွာစိုးရိမ်နေရဆဲဖြစ်ပြီး၊ ၂၀၂၁ ခုနှစ်အတွင်း ကလေးများအပေါ် ကျူးလွန်သည့် ဆိုးဝါးသည့် အကြမ်းဖက် လုပ်ရပ်အရေအတွက်သည် (၂၂,၆၄၅) အထိ ရှိခဲ့ကြောင်း၊ ပဋိပက္ခများကြောင့် ကလေးသူငယ် (၁၉,၀၀၀) ဦး ကျော်အပေါ် အကျိုးသက်ရောက်မှုရှိခဲ့ရာ မြန်မာနိုင်ငံအနေဖြင့် များစွာ စိတ်မကောင်းဖြစ်ရကြောင်း၊ (ခ) ထို့ပြင် ကလေး (၈၀၀၀) ဦးကျော်နီးပါး အသက်ဆုံးရှုံးရမှုနှင့် သေရာပါဒဏ်ရာရရှိမှုတို့အပေါ် များစွာဝမ်းနည်းကြေကွဲရကြောင်း၊ တစ်ဖက်တွင်လည်း ပဋိပက္ခအတွင်း ပါဝင်ပတ်သက်သည့် အဖွဲ့များနှင့် ကုလသမဂ္ဂ၏ စေ့စပ်ဆောင်ရွက်မှုဖြင့် ကလေး (၁၂,၀၀၀) ဦးကျော် လွှတ်ပေးနိုင်ခဲ့မှုအပေါ် အားတက်ရကြောင်း၊ သို့ရာတွင် ဖောက်ခွဲရေး ကိရိယာများနှင့် မိုင်းဗုံးများ၏ ကလေးများအပေါ် ဆိုးဝါးသည့် အကျိုးသက်ရောက်မှု၊ စာသင်ကျောင်းများအား တိုက်ခိုက်ခြင်း၊ ကလေးသူငယ်များအား စစ်ရေးအရ အသုံးပြုခြင်း၊ မိန်းကလေးငယ်များအား အဓမ္မသွေးဆောင်ခေါ်ဆောင်ခြင်းတို့ မြင့်တက်လာခြင်းအပေါ် အထူးစိုးရိမ်မိကြောင်း၊ ကိုဗစ်-၁၉ ကြောင့် ကလေးများအပေါ် ထိခိုက်လွယ်မှု ပိုမိုမြင့်တက်လာနိုင်သည့် အချိန်တွင် မြန်မာနိုင်ငံတွင်ဖြစ်ပွားမှုအပါအဝင် စစ်အာဏာသိမ်းမှုများကြောင့် အခြေအနေကို ပိုမိုဆိုးရွာစေသည်ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ၎င်း၏ အစီရင်ခံစာတွင် ထောက်ပြထားကြောင်း၊ (ဂ) မြန်မာနိုင်ငံ၏ ရွေးကောက်ခံအရပ်သားအစိုးရသည် လက်နက်ကိုင်ပဋိပက္ခနှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကန့်အသတ်များကြားမှ ကလေးသူငယ်ကာကွယ်ရေးနှင့် စပ်လျဉ်းသည့် ဥပဒေမူဘောင်ကိုချမှတ်ဆောင်ရွက်ခဲ့ပြီး၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေသစ်တစ်ရပ်ကို ပြဋ္ဌာန်းခဲ့ကြောင်း၊ ထို့ပြင် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုနှင့် စပ်လျဉ်း၍ ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ နောက်ဆက်တွဲအခြေပြစာချုပ်နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း၏ အလုပ်လုပ်ခွင့်ပြုသည့် အနိမ့်ဆုံးအသက်အရွယ်သတ်မှတ်ချက်ဆိုင်ရာ သဘော တူညီချက်တို့အား အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြောင်း၊ (ဃ) မြန်မာနိုင်ငံ၊ အမျိုးသားညီညွတ်ရေးအစိုးရသည် ကုလသမဂ္ဂဦးဆောင်သည့် ယန္တရားလုပ်ငန်းများကို အားပေးထောက်ခံ၍ ကလေးသူငယ်အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးနှင့် ယင်းကိစ္စနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်မူကြမ်းများနှင့် နိုင်ငံတကာဥပဒေများနှင့်အညီ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်ရေးစီမံကိန်းနှင့် လမ်းညွှန်ချက်များကို ချမှတ်ထားကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရသည် ကလေးသူငယ်အခွင့်အရေး ကာကွယ်မြှင့်တင်ရေးနှင့် စပ်လျဉ်း၍ ကြိုးပမ်း ဆောင်ရွက်မှုများနှင့် ပတ်သက်သည့် အစီရင်ခံစာနှင့် လမ်းညွှန်ချက်တို့ကို ကုလသမဂ္ဂသို့ ယခုနှစ်မတ်လက တင်သွင်းခဲ့ကြောင်း၊ (င) ၂၀၂၁ ခုနှစ်၊​ ဖေဖော်ဝါရီလက မတရားစစ်တပ်အာဏာသိမ်းမှုပြီးနောက် တရားမဝင်စစ်တပ်သည် တရားဥပဒေစိုးမိုးရေးကိုဖျက်ဆီး၍ ကလေးသူငယ်များအပါအဝင် မြန်မာပြည်သူများအား သွေးအေးအေး ဖြင့် သတ်ဖြတ်၊ ဖမ်းဆီး၊ နှိပ်စက်နေကြောင်း၊ ရွေးကောက်ခံအရပ်သားအစိုးရနှင့် ရွေးကောက်ခံ အရပ်သားလွှတ်တော်တို့ တာဝန်ယူသည့် အချိန်ကပင်လျှင် စစ်တပ်သည်​ ကလေးသူငယ်များအပေါ် ဆိုးဝါးသည့် အကြမ်းဖက်လုပ်ရပ်များ အဓိကကျူးလွန်သူဖြစ်ကြောင်း၊ တရားမဝင်အာဏာသိမ်းမှုပြီးနောက် မြန်မာကလေးသူငယ်များအား အကြမ်းဖက်လုပ်ရပ်များမှ တားဆီးပေးနိုင်မည့် ဥပဒေကာကွယ်မှုမရှိတော့ဘဲ စစ်တပ်သည် ပြည်တွင်းနှင့် နိုင်ငံတကာဥပဒေများကို လေးစားလိုက်နာခြင်းမရှိကြောင်း၊ (စ) ယခုနှစ် အတွင်းရေးမှူးချုပ်၏ အစီရင်ခံစာ၌ မြန်မာကလေးသူငယ် (၄၆၂) ဦး အပေါ် ကျူးလွန်သည့် ဆိုးဝါးသော လုပ်ရပ် (၅၀၃) ခုကို မှတ်တမ်းတင်ဖော်ပြထားပြီး၊ ယင်းအကြမ်းဖက်လုပ်ရပ်အများစုကို စစ်တပ်မှ​ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်တပ်သည် ကလေးသူငယ် (၇၇) ဦး ကို သတ်ဖြတ်၍​ သေရာပါဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့၍ (၂၂၂) ဦး ကို စစ်သားသစ်အဖြစ် စုဆောင်းအသုံးပြုခဲ့ကြောင်း၊ ထို့ပြင် ကလေးသူငယ်(၈၇) ဦး ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး၊ စာသင်ကျောင်းနှင့် ဆေးရုံ (၅၂) ခုတို့ကို စစ်ရေးအရ အသုံးပြုခဲ့ကြောင်း၊ (ဆ) အာဏာသိမ်းသည့်အချိန်မှစ၍ ကလေးသူငယ် (၁,၄၀၀) ဦး ကျော်ကို စစ်တပ်မှ အဓမ္မ ထိန်းသိမ်းဖမ်းဆီးခဲ့ကြောင်း၊ စစ်တပ်သည် မိဘများအား လာရောက်အဖမ်းခံစေရန် ရည်ရွယ်၍​ ၎င်းတို့၏ ကလေးများကို ဓားစာခံအဖြစ် ဖမ်းဆီးခြင်းဖြစ်ပြီး၊ မြန်မာနိုင်ငံ၌ ကလေးငယ် (၇.၈) သန်း နီးပါးသည် ပညာဆက်လက်သင်ယူနိုင်ခြင်း မရှိတော့ကြောင်း၊ ပြည်တွင်းနေရပ်စွန့်ခွာသူ (၁) သန်းကျော်အနက် (၂၅၀,၀၀၀) ဦး သည် ကလေးသူငယ်များဖြစ်ကြောင်း၊ (ဇ) မြန်မာကလေးငယ်များသည် ၎င်းတို့၏ မိဘများနှင့်အတူ လုံခြုံမည်ဟုယူဆသည့် အိမ်နီးချင်း နိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်ကြရကြောင်း၊ ၎င်းတို့သည် ယခုအခါ လူကုန်ကူးမှုအန္တရာယ်နှင့် ရင်ဆိုင်ရနိုင်သည့်အတွက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီမှ ကာကွယ်စောင့်ရှောက်မှုပေးရန် တောင်းဆိုထားကြောင်း၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီ၏ ထိရောက်သည့် အရေးယူ ဆောင်ရွက်မှုကို ရရှိရန် စောင့်ဆိုင်းနေသူအများအပြားရှိကြောင်း၊ အခုကိစ္စအပေါ် နိုင်ငံတကာအသိုက်အဝန်း အနေဖြင့် ပိုမိုအလေးအနက်ထား ထည့်သွင်းစဉ်းစား၍ အချိန်မီကူညီဆောင်ရွက်ရန် တိုက်တွန်းကြောင်း၊ မည်သည့်အခြေအနေမျိုး၌မဆို ကလေးငယ်များကို ကာကွယ်မှုပေးရမည်ဖြစ်ပြီး၊ ကလေးတိုင်းသည် အနာဂတ်နှင့် ထိုက်တန်ကြောင်း၊ (ဈ) ယခုပြောကြားနေသည့်အချိန်၌တွင်ပင် မြန်မာနိုင်ငံ၌ ကလေးသူငယ်များ အပါအဝင် အပြစ်မဲ့ပြည်သူများအပေါ် အကြမ်းဖက်တိုက်ခိုက်နေသည့် စစ်တပ်၏ အကြမ်းဖက်စစ်ပွဲသည် ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းမှ မြန်မာကလေးများအား အကြမ်းဖက်လုပ်ရပ်များမှ​ ကာကွယ်တားဆီးရန် ထိရောက်ခိုင်မာသည့် အရေးယူဆောင်ရွက်မှု ချမှတ်အကောင်အထည်ဖော်နိုင်ခြင်း မရှိပါက၊ စစ်တပ်အာဏာသိမ်းမှု၏ အကျိုးရလဒ်အဖြစ် ကလေးငယ်မျိုးဆက်သစ်တစ်ခု ဆုံးရှုံးမည့် အန္တရာယ်နှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ ပြစ်ဒဏ်ကျသင့်မခံရသည့် စစ်တပ်၏အစဉ်အလာသည် စွဲမြဲနေပြီး၊ စစ်တပ်သည် ပြည်တွင်းကလေးအခွင့်အရေးဆိုင်ရာ ဥပဒေနှင့် ကုလသမဂ္ဂကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ သဘောတူညီချက်များကို ဗြောင်ကျကျချိုးဖောက်၍ အစွမ်းကုန် ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များ ကျူးလွန်ရန် တုံ့ဆိုင်းခြင်း ရှိမည်မဟုတ်ကြောင်း၊ ယင်းအခြေအနေတွင် နိုင်ငံတကာ အသိုက်အဝန်းသည် မြန်မာနိုင်ငံရှိ ကလေးငယ်များကို ကာကွယ်စောင့်ရှာက်ရမည်ဖြစ်ကြောင်း၊ (ည) ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းများတွင် ဖော်ပြသည့် တာဝန်ဝတ္တရားများနှင့်အညီ မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသည့် ကလေးသူငယ်များအပေါ် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လျက်ရှိသော စစ်တပ်၏ လုပ်ရပ်များကို ရပ်တန့်ရန်၊ ကျောင်းနှင့် ဆေးရုံများကို စစ်တပ်က အလွဲသုံးစားမှုများကို ရပ်တန့်ရန်၊ ထိန်းသိမ်းခံထားရသည့် ကလေးသူငယ်များ လွတ်မြောက်စေရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနှင့် ခိုင်မာပြတ်သားစွာ ချက်ချင်းအရေးယူ ဆောင်ရွက်ရန် လိုအပ်နေကြောင်း၊ မြန်မာနိုင်ငံ၌သာမက အခြားပဋိပက္ခအခြေအနေများ၌ပါ ကလေးငယ် များကို ကာကွယ်စောင့်ရှောက်ရန်နှင့် ပြစ်မှုကျူးလွန်သူအားလုံး ပြစ်ဒဏ်ကျသင့်ရေး၊ လူသားချင်းစာနာမှု အကူအညီများ လိုအပ်သည့် ကလေးသူငယ်များထံ အတားအဆီးမရှိ ရောက်ရှိစေရေးအတွက် လုံခြုံရေးကောင်စီသည် ဖြစ်နိုင်သည့် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုံခြုံရေးကောင်စီအနေဖြင့် ချက်ချင်းအရေးယူဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။..."

Source/publisher: 

Permanent Mission of Myanmar to the United Nations (New York)

Date of Publication: 

2022-07-19

Date of entry: 

2022-07-20

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

666.63 KB

Resource Type: 

text

Text quality: 

    • Good