“ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ နှစ်(၆၀) ပြည့် အခမ်းအနားများသို့ ပေးပို့သောသဝဏ်လွှာ”

Description: 

"ယနေ့ ဇူလိုင်လ (၇) ရက်နေ့သည် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အပါအဝင် စစ်အာဏာရှင်စနစ်ကို တပ်ဦးမှ တော်လှန်ခဲ့ကြသော ကျောင်းသားလူငယ်သူရဲကောင်းများစွာ သန္ဓေတည်ရာ အမိတက္ကသိုလ်မြေတွင် ကျောင်းသားတို့သွေးမြေခခဲ့ရသည့် ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ နှစ်(၆၀) ပြည့်မြောက်သည့် အခါသမယဖြစ်သည်။ လွတ်လပ်မှု၊ ညီမျှမှု၊ တရားမျှတမှု နှင့် အမှန်တရားအတွက် အသက်နှင့်ဘဝကို ပဓာနမထားပဲ ခေတ်အဆက်ဆက် ယုံကြည်ရဲရင့်စွာဖြင့် စနစ်ဆိုးများကို တော်လှန် တိုက်ပွဲဝင်ခဲ့ကြသော ကျောင်းသားလူငယ်တော်လှန်ရေး ရဲဘော်အပေါင်းအား အမျိုးသားညီညွတ်ရေးအစိုးရက လေးစားစွာဖြင့် ဦးညွတ်ဂုဏ်ပြုအပ်ပါသည်။ ၁၉၆၂ မတ်လ (၂) ရက်နေ့တွင် အာဏာရှင်ဗိုလ်ချုပ်နေဝင်းဦးဆောင်သော တော်လှန်ရေးကောင်စီက လူထုတရားဝင်ရွေးကောက်ထားသော အစိုးရကို လက်နက်အားကိုးဖြင့်ဖြုတ်ချ၍ အာဏာသိမ်းယူ လိုက်ပြီးနောက် တက္ကသိုလ်အက်ဥပဒေကို ဖျက်သိမ်းကာ တက္ကသိုလ်ကျောင်းသားများအား ဖိနှိပ်ချုပ်ချယ် နှိပ်ကွပ်သည့် လုပ်ရပ်များကို စတင်ခဲ့သည်။ ၎င်းတို့အာဏာတည်မြဲရေးအတွက် တက္ကသိုလ်၏ အသက်ဝိဉာဉ် ဖြစ်သော လွတ်လပ်ငြိမ်းချမ်းမှုကို ကန့်သတ်ထိမ်းချုပ်လိုသည့် စစ်အာဏာရှင်၏လုပ်ရပ်ကို လက်မခံပဲ ကျောင်းသားထုတစ်ရပ်လုံးက အုံကြွဆန့်ကျင်ခဲ့ကြရာ စစ်အာဏာရှင်၏ လက်ပါးစေတပ်များက ပညာတတ်နိုင်ငံရေးခေါင်းဆောင်များ သန္ဓေတည်ရာ အမိတက္ကသိုလ်မြေကိုသွေးစွန်းစေခဲ့ပြီး သမဂ္ဂ အဆောက်အအုံကို ဖြိုဖျက်ခဲ့ကြပေသည်။ စစ်အာဏာရှင်များ၏ လက်နက်အားကိုး၍ အနိုင်ကျင့်ဗိုလ်ကျ စိုးမိုးလိုသည့် ယုတ်ညံ့သောစိတ်နှင့် ဖိနှိပ်ချုပ်ချယ်မှုကို မလိုလားပဲ လွတ်လပ်ငြိမ်းချမ်းစွာ ပွင့်လန်းတိုးတက် ချင်ကြသော ကျောင်းသားလူငယ်များ၏ လွတ်လပ်သော စိတ်တို့သည် ခေတ်အဆက်ဆက် ဆန့်ကျင်ဘက် ဖြစ်ခဲ့ပြီး စစ်အာဏာရှင်အဆက်ဆက်သည် ကျောင်းသားထု၏ သမဂ္ဂစိတ်ဓါတ်အား ဖြိုဖျက်နိုင်စွမ်း မရှိခဲ့ကြသည်ကို ယခုနွေဦးတော်လှန်ရေးတွင် ရှေ့တန်းမှ တော်လှန်တိုက်ပွဲဝင်နေကြသော လူငယ်ထုက သက်သက်ပြလျက်ရှိပေသည်။ သမိုင်းခေတ်များအတွင်း အသိဉာဏ်ကင်းမဲ့ပြီး လက်နက်အားကိုးသော စစ်အာဏာရှင်များက တိုင်းပြည်၏အနာဂတ် ကျောင်းသားလူငယ်များအား အကြောင်းမဲ့ သတ်ဖြတ်ညှင်းပမ်းမှုများကို ရပ်တန့်နိုင်ခြင်းမရှိခဲ့ပဲ ၂၁ ရာစုအထိ ဆက်လက်ကျူးလွန်နေကြခြင်းမှာ ကျူးလွန်သူ စစ်အာဏာရှင် များသည် အပြစ်ပေးခံရခြင်းမှ ကင်းလွတ်ခဲ့ကြခြင်းကြောင့်ဖြစ်ကြောင်း ထင်ရှားပေသည်။ သို့ဖြစ်ပါ၍ မြန်မာ့သမိုင်းကို အရုပ်ဆိုးအကျည်းတန်စေသည့်၊ လက်နက်မဲ့ကျောင်းသားလူငယ်များကို လက်နက်ဖြင့် အနိုင်ကျင့် သတ်ဖြတ်မှုကို အားပေးသည့် စစ်အာဏာသိမ်းမှုများကို အပြီးသတ်အမြစ်ဖြတ်၍ နောင်အနာဂတ်တွင် မည်သည့်အခါမှ ထပ်မံပေါ်ပေါက် လာမှုမရှိစေရေး နှင့် ရာဇဝတ်မှုကျူးလွန်ခဲ့ကြသော စစ်အာဏာရှင်များ အပြစ်ပေးအရေးယူခံရမှုကို သေချာစေရေး ယခုနွေဦးတော်လှန်ရေးတွင် ရည်မှန်းချက်ထားကာ ကျောင်းသားထု၏ သမဂ္ဂစိတ်ဓါတ်၊ ပြည်သူလူထုတစ်ရပ်လုံး၏ စိတ်ပိုင်းဖြတ်ချက်၊ တိုင်းသားလူမျိုးပေါင်းစုံမှ ခေါင်းဆောင်များအားလုံး၏ အတွေ့အကြုံတို့ ပေါင်းစပ်ကာ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု မမေ့အပ်သော ဆဲဗင်းဂျူလိုင် အရေးတော်ပုံကို ဦးညွတ်ရင်း သန္နိဌာန်ပြုအပ်ပါသည်။ ..."

Source/publisher: 

National Unity Government of Myanmar

Date of Publication: 

2022-07-07

Date of entry: 

2022-07-07

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

450.23 KB

Resource Type: 

text

Text quality: 

    • Good