အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ကြေညာချက်အမှတ် (၂/၂၀၂၃)

Description: 

"၁။ အကြမ်းဖက်စစ်ကောင်စီသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ (၂) လအတွင်း ကျန်းမာရေးကဏ္ဍအပေါ် လေကြောင်းတိုက်ခိုက်မှုများ၊ ကျန်းမာရေးဝန်ထမ်းများကို ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်မှုများနှင့် အခြားအကြမ်းဖက်မှုများကို လူမဆန်စွာ ဆက်တိုက်ကျူးလွန်ခဲ့ သည့်အနက် အဖြစ်အပျက်အချို့ကို အောက်ပါအတိုင်း တွေ့ရှိရပါသည်- (က) (၁၀-၁-၂၀၂၃) နှင့် (၁၁-၁-၂၀၂၃) ရက်နေ့တို့တွင် ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ် တည်ရှိရာ Camp Victoria စခန်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ချင်းအမျိုးသားတပ်ဦးမှ ရဲမေ (၂) ဦးနှင့် ရဲဘော် (၃) ဦး ကျဆုံးခဲ့ရပြီး ပြင်ပလူနာကုသဆောင်၊ ဆေးစတိုနှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည်။ (ခ) (၂၁-၁-၂၀၂၃) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ဗဟင်းတိုက်နယ် ဆေးရုံကို အကြမ်းဖက်စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဆေးရုံ အနီးရှိ ဒေါ်ကြည်၊ အသက် (၆၂) နှစ် ကျည်ထိမှန် သေဆုံးခဲ့ပြီး ဆေးရုံရှိ ဓာတ်မှန်စက် အပါအဝင် ဆေးရုံနံရံနှင့် အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့သည်။ ကျန်းမာရေး ဝန်ထမ်းများနှင့် လူနာများမှာ အချိန်မီ တိမ်းရှောင်နိုင်၍ ဘေးကင်းခဲ့ပါသည်။ (ဂ) (၁၉-၂-၂၀၂၃) ရက်နေ့တွင် အကြမ်းဖက်စစ်တပ်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲ မြို့နယ်၊ နွယ်အင်းကျေးရွာသို့ ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာရှိ ကျေးလက်ကျန်းမာရေး ဌာနခွဲ ဆေးခန်း (၁) ခုတည်းကိုသာ ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခဲ့သည်။ (ဃ) (၂၁-၂-၂၀၂၃) ရက်နေ့မှ (၂၅-၂-၂၀၂၃) ရက်နေ့အတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်ရှိ မင်းရွာ၊ မလဲသာရွာနှင့် ကန်ရင်းရွာတို့ကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် ကျေးရွာအတွင်းရှိ အထက်တန်းကျောင်းနှင့် ဆေးရုံ ကိုပါ ရဟတ်ယာဥ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဆေးရုံအတွင်းရှိ ဆေးနှင့် ဆေး ပစ္စည်းများကိုပါ အကြမ်းဖက်စစ်သားများက ဖျက်ဆီးသွားကြောင်း သိရှိရသည်။ (င) (၂၉-၁-၂၀၂၃) ရက်နေ့တွင် တောထဲတစ်နေရာတွင် မွေးလူနာကုသပေးပြီး အုတ်ဖိုမြို့ထဲသို့ ပြန်လာသော ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာ တိုက်နယ်ဆေးရုံမှ CDM သူနာပြုဆရာမ ဒေါ်မေဇွန်မိုးသည် အုတ်ဖိုမြို့နယ်၊ အေးမြသာယာအုပ်စု၊ ကျောက်ဖြူတောင်ကျေးရွာအနီးရှိ အကြမ်းဖက်စစ်တပ်၏ ခမရ (၆) စစ်ဆေးရေးဂိတ်တွင် PDF ရဲဘော် (၂) ဦးနှင့်အတူ စစ်ဆေးခံရရာ အကြမ်းဖက်စစ်သားများက PDF ရဲဘော် (၂) ဦးကို နေရာတွင် ပစ်ခတ်သတ်ဖြတ် ခဲ့ကြောင်း၊ သူနာပြုဆရာမမှာ ထွက်ပြေးပုန်းအောင်းခဲ့သော်လည်း အကြမ်းဖက် စစ်တပ်က ဖမ်းမိသွားခဲ့ကြောင်း၊ စစ်ကြောရေးတွင် နှိပ်စက်ခဲ့ပြီးနောက် (၁၆-၂-၂၀၂၃) ရက်နေ့တွင် အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအနီး၌ အကြမ်းဖက်စစ်တပ်က သူနာပြုဆရာမ ဒေါ်မေဇွန်မိုးကို မုဒိမ်းကျင့်၍ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။ (စ) (၁၆-၂-၂၀၂၃) ရက်နေ့တွင် ချင်းပြည်နယ်၊ ဖလမ်းပြည်သူ့ဆေးရုံမှ CDM အထက်တန်း သူနာပြုဆရာမ ဒေါ်သဲသဲဝင်းသည် ၎င်း၏ ဇာတိရွာဖြစ်သည့် ကသာမြို့နယ်၊ မိုးဒါးကြီးကျေးရွာတွင် နေထိုင်နေစဉ် ရွာသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်က သူနာပြုဆရာမကို ဖမ်းဆီး၍ (၂၁-၂-၂၀၂၃) ရက်နေ့တွင် သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။ ၂။ အကြမ်းဖက်စစ်တပ်သည် (၁-၂-၂၀၂၁) ရက်နေ့တွင် အာဏာသိမ်းရန် ကြိုးပမ်းခဲ့ပြီးနောက်ပိုင်း (၂) နှစ်တာ ကာလအတွင်း ကျန်းမာရေးဝန်ထမ်း (၇၀) ဦးခန့်ကို သတ်ဖြတ်ခြင်း၊ (၉၀၀) ဦးခန့် ကို ဖမ်းဆီးခြင်းနှင့် (၇၈၀) ဦးကျော်ကို ထိခိုက်ဒဏ်ရာရစေခြင်း၊ ဆေးရုံ/ဆေးခန်း (၁၆၀) ကျော်ကို ဖျက်ဆီးခြင်းတို့အား ကျူးလွန်ခဲ့ကြောင်း တွေ့ရှိရပါသည်။ ၃။ အကြမ်းဖက်စစ်ကောင်စီက ကျန်းမာရေးကဏ္ဍအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား၍ အကြမ်းဖက် တိုက်ခိုက်နေခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions)၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ၊ နိုင်ငံတကာဥပဒေများနှင့် ပြည်တွင်းဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်း ဖြစ်ပါသည်။ ၄။ အကြမ်းဖက်စစ်ကောင်စီ၏ အဆိုပါအကြမ်းဖက်လုပ်ရပ်များကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ဖြစ်နိုင်သည့် နည်းလမ်းမှန်သမျှကို အသုံးပြု၍ အမြန်ဆုံး ထိရောက်စွာ တားဆီးအရေးယူ ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။ ၅။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနသည် အကြမ်းဖက်စစ်ကောင်စီ၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရသော ကျန်းမာရေးလုပ်သားများ၊ တော်လှန်ရေးရဲဘော်များ၊ အပြစ်မဲ့ ပြည်သူများ၏ မိသားစုများနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရပါသည်။ ဝန်ကြီးဌာနအနေဖြင့် အပြစ်မဲ့ကျဆုံးခဲ့ရသူများအတွက် တရားမျှတမှုကို မဖြစ်မနေ ပြန်လည်ရယူပေးမည်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီနှင့်အတူ အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်ခဲ့သူများအားလုံးကို ပြည်သူ့တရားဥပဒေနှင့်အညီ ပြင်းထန်စွာ တုံ့ပြန်အရေးယူမည် ဖြစ်ပါသည်။ ဝန်ကြီးဌာနသည် စစ်အာဏာရှင်စနစ် ကျရှုံးပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ပေါက်လာသည် အထိ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးနှင့် လက်တွဲ၍ အစွမ်းကုန် ကြိုးပမ်းတိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြု၊ ထုတ်ပြန်အပ်ပါသည်။..."

Source/publisher: 

National Unity Government of Myanmar

Date of Publication: 

2023-02-28

Date of entry: 

2023-03-01

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

748.92 KB

Resource Type: 

text

Text quality: 

    • Good