အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာချက်အမှတ် (၁၉/ ၂၀၂၂) - မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးဆိုင်ရာ အဆိုမူကြမ်းအား အတည်ပြုခြင်းနှင့်စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်

Description: 

"၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်နေ့တွင် ကျင်းပပြုလုပ်သော (၇၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ တတိယကော်မတီအစည်းအဝေး၌ “မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်ဆလင်များနှင့် အခြား လူနည်းစုများ၏ လူ့အခွင့်အရေး” ဆိုင်ရာ အဆိုမူကြမ်းအား အတည်ပြုခဲ့သည့်အပေါ် ကြိုဆိုပါသည်။ ထို့အတူ အဆိုပါ အဆိုမူကြမ်းအား အစဉ်တစိုက် ဦးဆောင်ဦးရွက်ပြုလျက်ရှိသော ဥရောပသမဂ္ဂနှင့် အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းတို့မှ အဖွဲ့ဝင်နိုင်ငံများအား ကျေးဇူးတင်ရှိပါသည်။ ၂။ ဖော်ပြပါ အတည်ပြုခဲ့သော အဆိုမူကြမ်းတွင် ရိုဟင်ဂျာနှင့် အခြားလူနည်းစုများအပေါ် အလေးထားသည့် စာသားများကို အဓိက ဖော်ပြထားပြီး ၎င်းတို့အပေါ် မြန်မာစစ်တပ်မှ တပ်ဖွဲ့ဝင် များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ယခုအခါ တရားမဝင် အာဏာသိမ်းစစ်အုပ်စုမှ ယခင်ကနှင့် ယခုတိုင် ကျူးလွန်လျက်ရှိသော ကြီးလေးသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချထားပါသည်။ အဓိကအားဖြင့် ယင်းအဆိုမူကြမ်းတွင် ရိုဟင်ဂျာများနှင့် အခြားလူနည်းစုများ၏ အခြေခံအခွင့်အရေးများကို ထပ်လောင်းအတည်ပြုထားပါသည်။ ၃။ အမျိုးသားညီညွတ်ရေးအစိုးရမှ ရိုဟင်ဂျာအရေးကိစ္စနှင့်ပတ်သက်၍ ၂၀၂၁ ခုနှစ်၊ ဇွန်လ အတွင်း၌ ထုတ်ပြန်ခဲ့သည့် မူဝါဒရေးရာ ရပ်တည်ချက်ပါ ကတိကဝတ်များကို မြန်မာနိုင်ငံအနေဖြင့် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်အပြင် ယခု အတည်ပြုခဲ့သည့် အဆိုမူကြမ်း တွင် ပါဝင်သည့် အကြံပြုချက်များကိုလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား (IIMM)၊ မြန်မာ နိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ အစရှိသည့် အခြားအထူးအစီရင်ခံစာ တင်သွင်းသူများအပါအဝင် နိုင်ငံတကာအသိုက်အဝန်းနှင့် ဆက်လက် ပူးပေါင်း အကောင်အထည် ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ၄။ ထို့ပြင် ယခုအဆိုမူကြမ်းတွင် တရားမဝင် အာဏာသိမ်းစစ်အုပ်စုမှ မြန်မာနိုင်ငံအတွင်းရှိ အပြစ်မဲ့ အရပ်သား ပြည်သူများဖြစ်သည့် ဆရာဝန်များ၊ သင်ကြားရေးပုဂ္ဂိုလ်များ၊ ကျောင်းသား ကျောင်းသူများ၊ အနုပညာရှင်များနှင့် သတင်းထောက်များ အပေါ်တွင် ကျူးလွန်လျက်ရှိသော မတရားဖမ်းဆီးချုပ်နှောင်မှု၊ နိုင်ငံရေးအရ လှုံ့ဆော်သည့်ပြစ်မှုများ၊ ဥပဒေမဲ့ သေဒဏ်စီရင်ခြင်းနှင့် သတ်ဖြတ်ခြင်းများ၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများစသည့် ရက်စက် ကြမ်းကြုတ်မှုများနှင့် ရာဇဝတ်မှုများကိုလည်း အဆိုမူကြမ်းတွင် ပြည့်စုံစွာ ဖော်ပြထားပါသည်။ ၅။ သို့ရာတွင် အဆိုပါ အဆိုမူကြမ်း၌ စစ်အုပ်စုမှ ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများ၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့အား ထိပါးစော်ကားမှု၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းဖြစ်ပေါ်စေမှုနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးတို့အပေါ် ခြိမ်းခြောက်မှုတို့အတွက် တာဝန်ခံမှုရှိစေရန် တောင်းဆိုရာတွင် အားနည်းလျက်ရှိပါသည်။ ထို့အတူ စာသင်ကျောင်းများနှင့် အများပြည်သူစုဝေးရာ နေရာဒေသများကို ဗုံးကြဲတိုက်ခိုက်မှုများ၊ ကျေးရွာ များကို ရွာလုံးကျွတ်မီးရှို့ခြင်းများ၊ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများနှင့် နယ်စပ်ဖြတ်ကျော် မှုများကို ဆက်လက်မြင်တွေ့စေသည့် အရှိန်အဟုန် မြင့်မားလာသော စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုများကို ပစ်မှတ်ထား ဖြေရှင်းပေးနိုင်မည့် လက်နက်တင်ပို့ရောင်းချခြင်းအား ဖျက်သိမ်း စေနိုင်မည့် အစီအစဉ်ကိုလည်း တောင်းဆိုရန်လည်း ပျက်ကွက်ခဲ့ပါသည်။ ၆။ သို့ဖြစ်ပါ၍ ယခု အတည်ပြုခဲ့သည့် အဆိုမူကြမ်းအပြင် မြန်မာပြည်သူများနှင့် ဒေသတွင်း အပေါ် ကြီးမားကျယ်ပြန့်သော ဆိုးကျိုး သက်ရောက်မှု ရှိစေသည့် စစ်တပ်၏ လုပ်ဆောင်ချက်များကို ပြည့်ပြည့်ဝဝ ဖြေရှင်းပေးနိုင်မည့် အခြားသော အဆိုမူကြမ်းတစ်ခုအား ကုလသမဂ္ဂ အထွေထွေ ညီလာခံအနေဖြင့် အားဖြည့်ပံ့ပိုးပေးသင့်ပါသည်။ ယင်း အဆိုမူကြမ်း အသစ်တွင် နိုင်ငံတကာ အသိုက်အဝန်းထံမှ ထိရောက်သော လုပ်ဆောင်ချက်များကို ပိုမို တောင်းဆိုကာ မြန်မာနိုင်ငံအတွင်းရှိ အသိုက်အဝန်းအားလုံးကို ကာကွယ်ပေးနိုင်၍ ပြည်သူများ လိုလားတောင့်တသည့် ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်ပေးရေးနှင့် ရာဇဝတ် စစ်အာဏာရှင်အား ချုပ်ငြိမ်းရေးတို့အား တောင်းဆိုသည့် စာသားများ အဓိက ပါဝင်သင့်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် ရှု့မြင်ပါသည်။..."

Source/publisher: 

Ministry of Foreign Affairs - Myanmar - NUG

Date of Publication: 

2022-11-17

Date of entry: 

2022-11-17

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

285.9 KB

Resource Type: 

text

Text quality: 

    • Good