အမျိုးသားညီညွတ်ရေးအစိုးရ ကြေညာချက်အမှတ်(၂/၂၀၂၃) - “ပြည်သူ့နွေဦးတော်လှန်ရေး (၂) နှစ်ပြည့် ထုတ်ပြန်ကြေညာချက်”

Description: 

"မင်းအောင်လှိုင်ဦးဆောင်သောအကြမ်းဖက်စစ်အုပ်စုက ပြည်သူ့ဆန္ဒအမှန်ဖြစ်သော ရွေးကောက်ပွဲ ရလဒ်ကို လက်မခံဘဲ ပြည်သူ့အာဏာကို လက်နက်အားကိုးဖြင့် အနိုင်ကျင့်လုယူရန်ကြိုးစားမှုအား ပြည်သူလူထုတစ်ရပ် လုံးက ခေါင်းငုံ့မခံဘဲ ဆန့်ကျင်တော်လှန်ခဲ့ကြသည့် ပြည်သူ့နွေဦးတော်လှန်ရေးသည် ယနေ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် (၂) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ပြည်သူ့နွေဦးတော်လှန်ရေး၏ (၂) နှစ်တာကာလအတွင်း ပြည်သူလူထုတစ်ရပ်လုံး၏ ပြတ်သားသော စိတ်ပိုင်းဖြတ်မှု၊ စွန့်လွှတ်စွန့်စားမှု၊ ရဲစွမ်းသတ္တိနှင့် တစိုက်မတ်မတ် ကြိုးစားအားထုတ်မှုများကို အရင်းတည်၍ တော်လှန်ရေးအုတ်မြစ်သည် အခြေခိုင်ခဲ့ကာ လက်ရှိအချိန်တွင် မည်သူမျှ ဖြိုလှဲ ဖျက်ဆီးပစ်၍ မရနိုင်သော ခိုင်မာအားကောင်းမှုတစ်ခုဖြင့် ရှေ့ဆက်နေပြီဖြစ်သည်။ ခေတ်အဆက်ဆက် ရက်စက်ကြမ်းကြုတ်ခဲ့သော စစ်အာဏာရှင်အဆက်ဆက်ကို နှစ်ပေါင်းများစွာ အလံမလှဲစတမ်း ဆန့်ကျင်တွန်းလှန်ခဲ့ကြသည့် တိုင်းရင်းသားမဟာမိတ်အင်အားစုများနှင့် အမျိုးသားညီညွတ်ရေးအစိုးရသည် အကြမ်းဖက် စစ်အာဏာ လုယူမှုကို တိုက်ဖျက်ကာ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ထောင်ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ အနှစ် (၇၀) ကျော်ခဲ့ပြီဖြစ်သော နိုင်ငံရေးပြဿနာကို အပြီးတိုင်ဖြေရှင်းကြမည်ဟူသည့် တူညီသော ဘုံရည်မှန်းချက်တစ်ခုဖြင့် စုစည်းမိနေကြပြီဖြစ်ပြီး အဆိုပါ စုစည်းမှုအင်အားနှင့် ပြည်သူ့အင်အားတို့ စုပေါင်းကာ ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်ကြရန် သန္နိဌာန် ပြုခဲ့ကြပြီးပြီလည်းဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးဌာနများ၊ အရပ်ဘက်အဖွဲ့အစည်းများက လေ့လာကောက်ခံထားသည့် စာရင်းများအရ နွေဦးတော်လှန်ရေး ၂ နှစ်တာ ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ နည်းလမ်းပေါင်းစုံဖြင့် ရက်စက်စွာ ညှင်းပမ်းနှိပ်စက်သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသူ ပြည်သူစုစုပေါင်း (၂,၈၉၄) ဦးရှိခဲ့ပြီဖြစ်ပြီး ၎င်းတို့အနက်တွင် အသက် ၁၈နှစ်အောက် ကလေးသူငယ် (၂၇၉) ဦး၊ အမျိုးသမီး (၄၄၇) ဦး၊ ကျန်းမာရေးဝန်ထမ်း (၇၀) ပါဝင်ပါသည်။ အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးမှု ခံရသော နေအိမ် (၆၂,၃၉၉) လုံးရှိပြီး၊ ဘာသာရေးအဆောက်အုံ (၁၆၃) လုံး သည်လည်း နည်းလမ်းပေါင်းစုံဖြင့် ဖျက်ဆီးခံခဲ့ရပါသည်။ အကြမ်းဖက်စစ်တပ်၏ အရပ်သားများအားပစ်မှတ်ထား တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေ ကြရသော စစ်ဘေးရှောင်ဦးရေမှာလည်း (၁,၅၇၄,၄၀၀) ဦးရှိနေပြီဖြစ်ပါသည်။ တော်လှန်ရေး ၂ နှစ်တာကာလ အတွင်း အကြမ်းဖက်စစ်တပ်၏ လေကြောင်းမှတိုက်ခိုက်မှု အကြိမ်အရေအတွက် (၆၅၄) ကြိမ်ရှိခဲ့ကာ အဆိုပါ တိုက်ခိုက်မှုများအတွင်း ပြည်သူ (၂၈၈) ဦး သေဆုံးကာ (၃၇၇) ဦး ထိခိုက်ဒဏ်ရာရခဲ့ကြရပါသည်။ ၂၀၂၁ ခုနှစ် မတ်လ (၁) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက အကြမ်းဖက် အုပ်စုအဖြစ် ကြေညာထားပြီးဖြစ်သော အကြမ်းဖက်စစ်ကောင်စီသည် အထက်တွင် ဖော်ပြခဲ့သည့် စစ်ရာဇဝတ်မှုများ၊ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ ကျူးလွန်ဆဲ ဖြစ်ပြီး ယင်းပြစ်မှုများမှ ကင်းလွတ်ခွင့်ရရန်အတွက် တရားမဝင် အတုအယောင် ရွေးကောက်ပွဲတစ်ရပ်ကို ဆင်နွှဲရန် ကြိုးစားလျက်ရှိပေသည်။ အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင် အတုအယောင်ရွေးကောက်ပွဲအပါအဝင် အခြားသော ခြေလှမ်းတိုင်း၊ လုပ်ရပ်တိုင်းသည် ပြည်သူ့ အချုပ်အခြာ အာဏာကို မတရားရယူရန် ကြိုးစားသည့် အာဏာဖီဆန်မှုမြောက်သော ဥပဒေချိုးဖောက်မှု များသာ ဖြစ်ပြီး မြန်မာနိုင်ငံ၏ တရားဝင် အစိုးရတစ်ရပ်ဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အဆိုပါ ဥပဒေချိုးဖောက်မှုများတွင် တာဝန်ရှိသူများအားလုံးကို တရားဥပဒေရှေ့မှောက်သို့ ပို့ဆောင်ပြီး ထိခိုက်နစ်နာခဲ့ရသူအားလုံးအတွက် တရားမျှတမှုကို ရယူပေးနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း သိစေအပ်ပါသည်။ ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် “ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်ပါ မျှော်ရည်ချက်နှင့် စံတန်ဖိုးများကို အလေးအနက်ခံယူလျက် အားလုံး သဘောတူ ချမှတ်ထားသော “နိုင်ငံရေးလမ်းပြမြေပုံ”ကို တော်လှန်ရေးအင်အားစုများက စု‌ပေါင်းခေါင်းဆောင်မှု၊ စုပေါင်းတာဝန်ယူမှု၊ ခိုင်မာသော ကတိကဝတ်ပြုမှုများဖြင့် တညီတညွတ်တည်း လက်တွဲပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ကြရန် ကျွန်ုပ်တို့ သန္နိဋ္ဌာန်ချမှတ်ထားပြီးဖြစ်သည်” ဟူသည့် ပြည်သူ့တော်လှန်ရေးဆိုင်ရာ နှစ်သစ်ကူး ပူးတွဲထုတ်ပြန်ကြေညာစာတမ်းပါ သဘောထားအတိုင်း ပြည်သူလူထုလိုလားတောင့်တသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပန်းတိုင်ဆီသို့ မယိမ်းမယိုင် ဆက်လက် ဦးတည်ချီတက်သွားမည်ဖြစ်သည်။ မြန်မာပြည်သူလူထုတစ်ရပ်လုံး ပါဝင်ဆင်နွှဲနေသော မြန်မာ့နွေဦးတော်လှန်ရေးသည် မကျေနပ်မှုများ အတွက် စိတ်ကျေနပ်မှုရှာဖွေရုံ တော်လှန်ပုန်ကန်နေကြခြင်းမျိုးမဟုတ်၊ ခေတ်အဆက်ဆက် အမြစ်တွယ်နေခဲ့သော အာဏာရှင်သရုပ်သကန်ကို မြန်မာ့မြေပေါ်မှ အပြီးအပိုင် ချေဖျက်မောင်းထုတ်နိုင်ရေးအတွက် ပြင်းပြသော စိတ်အားသတ္တိကို စနစ်ကျသော စုဖွဲ့မှု၊ ပြင်ဆင်မှု၊ စုစည်းညီညွတ်မှုတို့ဖြင့် ပေါင်းစပ်မွမ်းမံကာ ခိုင်မာအားကောင်းစွာ တည်ဆောက်တွန်းလှန်နေသော တော်လှန်ရေးဖြစ်ပေသည်။ ထို့အပြင် မြန်မာ့နွေဦးတော်လှန်ရေးသည် မြန်မာနိုင်ငံ၏ အနာဂတ်အတွက် လွန်စွာအရေးပါသော ခေတ်ပြောင်း စနစ်ပြောင်း တော်လှန်ရေး တစ်ရပ်ဖြစ်သည်ကို နားလည်သိမှတ်ထားကြရန် အရေးကြီးသည်။ ပြည်သူလူထု၏ စဉ်းစား ဆင်ခြင် ဝေဖန်ပိုင်းခြားနိုင်စွမ်း၊ မြဲမြံခိုင်ခန့်သည့် သန္နိဌာန်၊ ပိုင်းဖြတ်ပြီးဖြစ်သော ဆုံးဖြတ်ချက် တို့နှင့် အတူ မြန်မာ့နွေဦးတော်လှန်ရေး၏ အသွင်သဏ္ဍာန် အစစ်အမှန် ကို သေချာစွာ သိမြင်နားလည်နိုင်ရေး ကြိုးစားကြရန်နှင့် မြန်မာပြည်သူလူထုနှင့် အတူ ရပ်တည်ပေးကြရန် အားလုံးကို တောင်းဆိုသည်။..."

Source/publisher: 

National Unity Government of Myanmar

Date of Publication: 

2023-02-01

Date of entry: 

2023-02-01

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

791.79 KB

Resource Type: 

text

Text quality: 

    • Good