အမျိုးသားညီညွတ်ရေးအစိုးရ ကြေညာချက်အမှတ်(၁/၂၀၂၃) - “ချင်းအမျိုးသားတပ်ဦး(CNF)ဌာနချုပ်တည်ရှိရာ Camp Victoria စခန်း အား လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းနှင့် ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်”

Description: 

"၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁၀) ရက် ညနေ ၄:၃၀ နာရီခန့်တွင်တစ်ကြိမ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့ ညနေ ၄:၀၀ နာရီခန့်တွင် တစ်ကြိမ် အကြမ်းဖက်စစ်ကောင်စီက ချင်းအမျိုးသားတပ်ဦး(CNF) ဌာနချုပ်တည်ရှိရာ Camp Victoria စခန်းအား တိုက်လေယာဉ်များအသုံးပြု၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုများအတွင်း ပထမရက်တွင် ချင်းအမျိုးသားတပ်ဖွဲ့ဝင် တော်လှန်ရေးရဲမေ (၂) ဦးနှင့် ရဲဘော်(၃) ဦးကျဆုံးကာ ဒဏ်ရာရရှိသူများရှိခဲ့ပြီး ဒုတိယနေ့တွင် ပြင်ပလူနာဆောင်နှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ပါသည်။ ထို့အပြင် အိန္ဒိယနိုင်ငံ နယ်နိမိတ်အတွင်းသို့ ဗုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟုလည်း သိရှိရပါသည်။ အဆိုပါ ဖြစ်စဉ်မတိုင်မီကလည်း အကြမ်းဖက်စစ်ကောင်စီသည် ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင် လေကြောင်းအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုများ ကြိမ်ဖန်များစွာပြုလုပ်ခဲ့ကာ အရပ်သားပြည်သူ သေဆုံးမှုများ ရှိခဲ့ပါသည်။ အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့အာဏာကိုလုယူခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ ယနေ့အထိ လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ရသူဦးရေ ( ၄၆၀ ) ဦးကျော် ရှိနေပြီဖြစ်ပြီး အများစုမှာ အရပ်သားပြည်သူများနှင့် ကလေးသူငယ်များ ဖြစ်ကြောင်း အချက်အလက်များအရ သိရှိရသည်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အကြမ်းဖက်စစ်ကောင်စီက အရပ်သားပြည်သူများကို ပစ်မှတ်ထား၍ လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်နေမှုများကို ပြင်းထန်စွာရှုတ်ချပါသည်။ အကြမ်းဖက်စစ်ကောင်စီ၏ လူမဆန်သော သတ်ဖြတ်မှုများကြောင့် ကျဆုံးခဲ့ကြရသော တိုင်းရင်းသား ပြည်သူများအတွက် ဝမ်းနည်းကြေကွဲ ရပါကြောင်းနှင့် ကျဆုံးခဲ့ရသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းအတွက် တရားမျှတမှုကို ပြန်လည်ရရှိနိုင်ရေး ပြည်တွင်းနှင့် နိုင်ငံတကာတရားဥပဒေများနှင့်အညီ အစွမ်းကုန်ကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားလိုပါသည်။ အိမ်နီးချင်းနိုင်ငံများ အနေဖြင့်လည်း မိမိတို့၏လေပိုင်နက်ကို ကျော်လွန်အသုံးပြုကာ မြန်မာပြည်သူများကို သတ်ဖြတ်နေရုံသာမက၊ အိမ်နီးချင်းနိုင်ငံများရှိ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုကိုပါ ခြိမ်းခြောက်လာနေသည့် အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များကို ထိရောက်ပြင်းထန်စွာ အရေးယူ ဆောင်ရွက်မှုများ အမြန်ဆုံးပြုလုပ်ကြပါရန် တိုက်တွန်းပြောကြားလိုသည်။ အကြမ်းဖက် စစ်ကောင်စီ၏ လုပ်ရပ်များသည် အကြမ်းဖက်မှုများကို ရပ်တန့်ရန်တောင်းဆိုထားသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခြင်းဖြစ်ပြီး မြန်မာ့အရေးကိစ္စကို ပြေလည်စေရန် ကူညီဆောင်ရွက်နေသည့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ကြိုးစားမှုများကိုလည်း လျစ်လျူရှုနေခြင်း ဖြစ်သောကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာ့အရေးကိစ္စကို အမြန်ဆုံးဖြေရှင်းနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ အပါအဝင် ပြည်သူလူထုကို ကိုယ်စားပြုသည့် မြန်မာ့တော်လှန်ရေးအင်အားစုများနှင့် ခိုင်ခိုင်မာမာလက်တွဲ ဆောင်ရွက်သင့်ပါကြောင်း အလေးအနက် တိုက်တွန်းလိုက်ပါသည်။..."

Source/publisher: 

National Unity Government of Myanmar

Date of Publication: 

2023-01-13

Date of entry: 

2023-01-12

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

479.16 KB

Resource Type: 

text

Text quality: 

    • Good