၂၀၂၀ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များကို အကြမ်းဖက်စစ်တပ်က မတရား ဖမ်းဆီးပြီး ဥပဒေပုဒ်မ မျိုးစုံတပ်ခြင်းနှင့် စစ်ကြောရေးတွင် လူမဆန်စွာရက်စက်ညှင်းပမ်း နှိပ်စက် ခြင်းကြောင့် သေဆုံးသွားရသူများ၏ လူ့အခွင့်အရေးချိုးဖောက်ခံရနေမှုများနှင့်စပ်လျဉ်း၍ ထုတ်ပြန်ချက်

Description: 

" ၁။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကို ဖွဲ့စည်းခဲ့ပြီးနောက် လွှတ်တော်ကိုယ်စားလှယ်များ၏ လက်ရှိဖမ်းဆီး၊ ထိန်းသိမ်းခံရမှု အခြေအနေများ နှင့်စပ်လျဉ်းပြီး သတင်းအချက်အလက်များကို စဉ်ဆက်မပြတ် မှတ်တမ်းကောက်ယူပြီး နိုင်ငံတကာသို့ သိရှိနိုင်စေရန်တင်ပြလျက်ရှိပါသည်။ ၂။ အကြမ်းဖက်စစ်တပ်မှ အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ အချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၃၄ ဦး ရှိပြီး၊ ပြန်လည်လွတ်မြောက် လာသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၇ ဦးရှိသဖြင့် လက်ရှိဖမ်းဆီးထိန်းသိမ်းခံနေရသူ ၂၇ ဦးရှိပါကြောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဖမ်းဆီးထိန်းသိမ်း ခံရသူ ၇၉ ဦးရှိပြီး၊ ပြန်လည်လွတ်မြောက်လာသူ ၁၁ ဦး ရှိပါကြောင်း၊ အခြား ၁ ဦးမှာ အကျဉ်းထောင်ထဲတွင် ဆေးကုသ ခွင့်မပြုသဖြင့် သေဆုံးပြီး ကျန် ၁ ဉီးမှာလည်း စစ်ကောင်စီ၏ ဖမ်းဆီးခံရပြီးနောက် လမ်းဘေးတစ်နေရာတွင် ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရပြီး သေဆုံးခဲ့ရခြင်းကြောင့် ဖမ်းဆီးခံရပြီး သေဆုံးသူ ၂ ဦး ရှိသွားပြီဖြစ်သဖြင့် လက်ရှိဖမ်းဆီး ထိန်းသိမ်းခံနေရသူ ၆၆ ဦးရှိသွားပြီဖြစ်ပါသည်။ ထို့ကြောင့် ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် လွှတ်တော်ကိုယ်စားလှယ် စုစု‌ပေါင်း ယခုလက်ရှိ ဖမ်းဆီးထိန်းသိမ်းခံ‌နေရသူ ၉၃ ဦး ရှိပါသည်။ ၃။ စစ်ကောင်စီက မတရားအကြမ်းဖက်ပြီး အမှုဆင်ဖမ်းဆီးခံရခြင်း၊ နှိပ်စက်ခံရခြင်း၊ သတင်း အဆက်အသွယ်မရရှိဘဲ ထိန်းသိမ်းခံထားရခြင်း၊ ဖမ်းဆီးထိန်းသိမ်းခံ လွှတ်တော်ကိုယ်စားလှယ် အများစုအား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ဆိုသည်ကိုပင် မိသားစုဝင်များ ကိုယ်တိုင် မသိရှိရခြင်းနှင့် တရားဥပဒေအရ အကာအကွယ်ရယူခွင့် အပြည့်အဝမရရှိခြင်း စသည့် အခြေခံလူ့ အခွင့်အရေးများ များစွာဆုံးရှုံး‌နေရခြင်းနှင့်စပ်လျဉ်း၍ CRPH အနေဖြင့် သတင်းအချက်အလက် များကို စနစ်တကျ ကောက်ယူပြီး နိုင်ငံတကာလွှတ်တော် အဖွဲ့အစည်းများ နှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများထံသို့ ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါသည်။ ၄။ အဆိုပါ လွှတ်တော်ကိုယ်စားလှယ်ကြီးများအနက် တစ်ချို့ကို ကောက်နုတ်ဖော်ပြရလျှင် ပြည်ထောင်စု လွှတ်တော်အဆင့် လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန် ရှမ်းပြည်နယ်၊ နောင်ချိုမဲဆန္ဒနယ်သည် ၁-၂-၂၀၂၁ ရက်နေ့တွင် ပထမအကြိမ် ဖမ်းဆီးပြီး နောက်ပြန်လည် လွတ်မြောက်လာပြီး ဒုတိယအကြိမ်အဖြစ် ၁၀-၂-၂၀၂၁ ရက်နေ့တွင် ထပ်မံဖမ်းဆီးခံရပါသည်။ ၎င်းနောက် ၂၂-၁၂-၂၀၂၁ ရက်နေ့တွင် ပုဒ်မ ၅၀၅ (က)၊ (ခ) အမှုတို့အတွက် အလုပ်ကြမ်းနှင့်ထောင်ဒဏ် လေးနှစ် ချမှတ်ခဲ့ပြီး ၇-၆-၂၀၂၂ ရက်နေ့တွင် ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (ဃ) ဖြင့် အမှုဆင်ပြီး ထပ်မံစွဲဆို၍ နောက်တိုးပုဒ်မများ ထပ်ထပ်တိုးခြင်း၊ ဒေါ်ဝင်းမြမြ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မဲဆန္ဒနယ်အား ၂၇-၂-၂၀၂၁ ရက်နေ့တွင် ပုဒ်မ ၅၀၅ (က)၊ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး အိုးဘိုထောင်အတွင်း တစ်နှစ်ကျော် အကြာ ထိန်းသိမ်းထားခဲ့ပြီး ၂၉-၆၂၀၂၂ ရက်နေ့တွင်မှ အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်ကို ချမှတ်ခြင်း၊ တစ်ချို့သော လွှတ်တော်ကိုယ်စားလှယ်ကြီးများမှာ ထောင်ဒဏ်ချမှတ်ခံခဲ့ရသော်လည်း ထောင်ထဲတွင် ရှိ၊မရှိမှာ မသေမခြာသလို မည်သည့်‌အကျဉ်းထောင်တွင်ရှိနေမှန်းမသိရခြင်း စသည့် လုပ်ရပ်များသည် ကမ္ဘာ့ကုလသမဂ္ဂက ထုတ်ပြန်ကြေညာထားသော လူ့အခွင့်အရေး ကြေညာစာတမ်းပါ လူတစ်ဉီး တစ်ယောက်ချင်းစီ၏ အခွင့်အရေးများကို အကြမ်းဖက်စစ်ကောင်စီမှ ပြောင်ပြောင်တင်းတင်း ချိုးဖောက်လျက်ရှိပါသည်။ ၅။ ထို့အပြင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ကြီးများအနက်မှ အချို့ကို ကောက်နုတ် ဖော်ပြရလျှင် ဉီးညွန့်ရွှေ ပဲခူးတိုင်းဒေသကြီး၊ မဲဆန္ဒနယ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ကို ၉-၇-၂၀၂၁ ရက်နေ့တွင် စကစက သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပုဒ်မ ၂၅၊ တပ်မတော်ကို အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅-က တို့နှင့် ဖမ်းဆီးတရားစွဲခဲ့ပြီး ပဲခူးကျိုက်ကဇော် အကျဉ်းထောင်ထဲတွင် Covid ရောဂါကူးစပ်ခြင်းခံရပြီး ဆေးကုသခွင့် လုံလောက်စွာမရသဖြင့် ၁၆-၈-၂၀၂၁ ရက်နေ့တွင် သေဆုံးခဲ့ ရခြင်း၊ ဦးကျော်မျိုးမင်း၊ မွန်ပြည်နယ်၊ ဘီးလင်းမဲဆန္ဒယ်အား ၂၂-၆-၂၀၂၂ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ဆိုင်ကယ် Taxi ဖြင့် ခရီးထွက်ခဲ့စဉ် တော်လှန်ရေးသမား နှစ်ဦးအပါအဝင်Taxi မောင်းသူရွာသားနှင့် အတူ လမ်းခရီးတွင် စကစ၏ ပစ်ခတ်ဖမ်းဆီးခြင်းခံခဲ့ရပါသည်။ ယင်းနောက် ၃၀-၆-၂၀၂၂ ရက်နေ့ နံနက် (၈) နာရီတွင် တော်လှန်ရေးသမား နှစ်ဦးနှင့်အတူ ဦးကျော်မျိုးမင်းကို စကစ၏ စစ်ကြောရေးတွင် လူမဆန်စွာ လက်ပြန်ကြိုးတုတ်ထားပြီး ၎င်းကြိုးကို လည်ပင်းအား သိုင်းချည်ခြင်းတို့ ပြုလုပ်သည့် အပြင် မျက်နှာ၊ ဉီးခေါင်းနှင့်ခန္ဓာကိုယ်အနှံ့ စစ်ဖိနပ်ဖြင့် ကန်ခြင်း၊ ကျည်ကာ ဦးထုပ်ဖြင့် ရိုက်ခြင်း၊ ထိုးကြိတ်ခြင်များပြုလုပ်ခဲ့သဖြင့် ဒဏ်ရာပြင်းထန်သဖြင့် ညှင်းပန်းနှိပ်စက်သည့်နေရာတွင် မေ့မြော သွားခဲ့သည်။ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲများ၏ ရက်စက်စွာ ရိုက်နှက်နှိပ်စက်မှုကြောင့် ခန္ဓာကိုယ် အနှံ့ဒဏ်ရာများ ပြင်းထန်စွာရရှိခဲ့ပါသည်။ ဒါ့အပြင် ၃၀-၆-၂၀၂၂ ရက်နေ့တွင်ပင် သေနတ်ဖြင့် ပစ်သတ်၍ မြောင်းထဲတွင် အလောင်းကို ပစ်ချခဲ့ခြင်းမှာ လူတစ်ဉီးတစ်ယောက်ကို အတင်းအဓမ္မ ဥပဒေမဲ့စွာ ရက်စက်စွာသတ်ဖြတ်ပြီး လူ့အခွင့်အရေးများကို အဖန်တလဲလဲ ချိုးဖောက်နေခြင်း၊ လွှတ်တော် ကိုယ်စားလှယ်များ၏ အခွင့်အရေးများနှင့်စပ်လျဉ်း၍ “လွှတ်တော်ဆိုင်ရာဥပဒေများမှအပ အခြားဥပဒေ များဖြင့် အရေးယူခြင်းမရှိစေရ” ဟူသည့် ဥပဒေပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်နေပြီး ဖမ်းဆီးနေခြင်း စသည့် ကိစ္စရပ်များကို နိုင်ငံတကာသိရှိအောင် တင်ပြခဲ့ပြီး ဖြစ်သလို ပြည်သူအများ သိရှိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။.."

Source/publisher: 

Committee Representing Pyidaungsu Hluttaw

Date of Publication: 

2022-07-29

Date of entry: 

2022-07-30

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

1.29 MB

Resource Type: 

text

Text quality: 

    • Good